ရဟန်းတို့၏ဘေးရန်လေးမျိုး
စာတုမသုတ်၌ မြတ်ဗုဒ္ဓသည် ရဟန်းတော်တို့အား ဆုံးမတော်မူ၏။
``ရဟန်းတို့၊ ပင်လယ်သို့ ဆင်းသက်သည့်သူအားလှိုင်းတံပိုးဘေး၊ မိကျောင်းဘေး၊ ဝဲဂယက်ဘေး၊ ငါးမန်းဘေး ဟူသော ဘေးရန်လေးမျိုး တွေ့နိုင်သကဲ့သို့ သာသနာတော်၌ ရဟန်းပြုသောသူသည် ဘေးရန်လေးမျိုး ကို မလွဲမသွေ တွေ့ကြုံရလိမ့်မည်။
`ရဟန်းတို့၊ အချို့သောသူသည် အို,နာ,သေ စသော ဆင်းရဲအပေါင်း မှ လွတ်မြောက်ရန်အတွက် ရဟန်းပြုပြီး သီတင်းသုံးဖော်တို့က `ဤသို့ သွားရမည်၊ ဤသို့လာရမည်၊ ဤသို့ကြည့်ရမည်၊ ဤသို့ကွေးရမည်၊ ဤသို့ဆန့်ရမည်၊ ´စသည်ဖြင့် ပြောသည့်အခါ `ငါ့သားမြေးလောက်သာရှိ သည့်သူရဲ့စကားကို နာခံရမည်လော´ဟု မကျေမနပ်ဖြစ်ကာ လူထွက်လေ၏။ ဤရဟန်းကို လှိုင်းတံပိုးကြောင့် လူထွက်သူဟု ဆို၏။ ရဟန်းတို့ ဤသာသနာ၌ လှိုင်းတံပိုးဘေးဟူသည် ပြင်းထန်သော အမျက်ဒေါသပင်ဖြစ်၏။
ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်အတွက် ရဟန်းပြုခဲ့ပြီးမှ သီတင်းသုံးဖော် ရဟန်းများက`ဤသို့စားရမည်၊ ဤသို့မစားရ၊ နံနက်ချိန်၌သာ စားရမည်၊ မွန်းလွဲချိန် မစားရ´စသည်ဖြင့် ဆိုဆုံးမလျှင် လူ့ဘဝကဲ့သို့ လွတ်လပ်စွာ မစားရသဖြင့် မကျေမနပ်ဖြစ်ကာ လူထွက်၏။ ဤရဟန်းကို မိကျောင်းဘေး ကြောင့် လူထွက်သူဟု ဆို၏။ ရဟန်းတို့၊ မိကျောင်းဘေးဟူသည် ဝမ်းရေး ကို ကြောင့်ကြစိုက်ခြင်းဖြစ်၏။
ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်အတွက် ရဟန်းပြုခဲ့ပြီးမှ ဣန္ဒြေတို့ကို မစောင့်စည်းဘဲ မြို့တွင်း ရွာတွင်းသို့ ဆွမ်းခံလှည့်လည်လေသော် ကာမဂုဏ်စည်းစိမ် ခံစားနေသူများကို မြင်၍ ခံစားချင်စိတ်ပေါ်ကာ လူထွက်၏။ ဤရဟန်းကို ဝဲဂယက်ဘေးကြောင့် လူထွက်သော ရဟန်းဟု ဆို၏။ ရဟန်းတို့၊ ဤသာသနာတော်၌ ဝဲဂယက်ဘေးဟူသည် ကာမဂုဏ် ငါးပါးပင်ဖြစ်၏။
ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်အတွက် ရဟန်းပြုခဲ့ပြီးမှ ဣန္ဒြေတို့ကို မစောင့်စည်းဘဲ မြို့တွင်း ရွာတွင်းသို့ ဆွမ်းခံလှည့်လည်လေသော် အဝတ်အစားကို မလုံတလုံဝတ်ဆင်ထားသော မာတုဂါမကို မြင်၍ တပ်မက်စွဲလန်းစိတ်ဖြစ်ကာ လူထွက်လေ၏။ ဤရဟန်းကို ငါးမန်းဘေး ကြောင့် လူထွက်သူဟုဆို၏။ ရဟန်းတို့၊ ဤသာသနာ၌ ငါးမန်းဘေးဟူ သည် မာတုဂါမပင်ဖြစ်၏။
စကားလမ်းကြောင်းငါးမျိုး
ကကစူပမသုတ်၌ မြတ်ဗုဒ္ဓသည် ရှင်ဖဂ္ဂုနအား ဆုံးမတော်မူပြီး တစ်ဖန် ရဟန်းတို့အား တရားစကား မိန့်ကြားတော်မူပြန်၏။ ရဟန်းတို့၊သင်တို့ အပေါ်ကျရောက်လာမည့် စကားလမ်းကြောင်းတို့သည်-
(၁)အခါဟုတ်သည်ဖြစ်စေ၊အခါမဟုတ်သည်ဖြစ်စေ ပြောဆိုခြင်း
(၂)မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ပြောဆိုခြင်း
(၃)နူးညံ့သည်ဖြစ်စေ၊ ကြမ်းတမ်းသည်ဖြစ်စေ ပြောဆိုခြင်း
(၄)အကျိုးရှိသည်ဖြစ်စေ၊ အကျိုးမရှိသည်ဖြစ်စေ ပြောဆိုခြင်း
(၅)မေတ္တာစိတ်ဖြင့်ဖြစ်စေ၊ ဒေါသစိတ်ဖြင့်ဖြစ်စေ ပြောဆိုခြင်း ဟုငါးမျိုးရှိသည်။ ထိုငါးမျိုးတို့တွင် မည်သည့်စကားလမ်းကြောင်းဖြင့် ပြောဆိုသည်ဖြစ်စေ သင်တို့သည်စိတ်ဆိုးခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမပြုဘဲ မေတ္တာစိတ်ကိုသာထားလျက် ကျင့်ကြံအားထုတ်အပ်၏။
မကောင်းသော စိတ်ကူးများရပ်တန့်အောင်ပြုလုပ်နည်း
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား ဝိတက္ကသဏ္ဌာနသုတ္တန်ကို ဟောကြားတော်မူ၏။
`ရဟန်းတို့၊ ဤသာသနာတော်၌ တစ်ပါးသော ရဟန်းသည် လိုချင် တပ်မက်မှု၊ ဒေါသထွက်မှု၊ တွေဝေမှုတို့နှင့် ယှဉ်သော စိတ်အကြံတို့သည် ဖြစ်ပေါ်လာကုန်၏။ ထိုသို့စိတ်ကူးအကြံများ ပေါ်လာသော် ကောင်းသော စိတ်ကူးများနှလုံးသွင်း၏။ ဤသို့အာရုံပြောင်း၍ နှလုံးသွင်းသော် ထိုရဟန်း အား မကောင်းစိတ်တို့သည် ပျောက်သွားကုန်၏။
ရဟန်းတို့၊ ကောင်းသောစိတ်များ ပြောင်း၍နှလုံးသွင်းသော်လည်း မကောင်းစိတ်ကြံများသာ ပေါ်နေ၏။ ထိုမကောင်းစိတ်ကြံများ၏ အပြစ်ကို ဆင်ခြင်အပ်၏။ ဆင်ခြင်သော ရဟန်းအား မကောင်းစိတ်သည် ပျောက်၏။
ရဟန်းတို့၊ မကောင်းသော စိတ်အကြံတို့ကို ဆင်ခြင်သော်လည်းမရ၊ ပေါ်လာမြဲပေါ်လာ၏။ ထိုရဟန်းအား မကောင်းသော စိတ်အကြံတို့ကို သတိ မထားသောအားဖြင့် ပျောက်နိုင်၏။
ရဟန်းတို့၊ သတိမထားသော်လည်း စိတ်ထဲ၌ မကောင်းသော အကြံများသာပေါ်နေ၏။ `ပေါ်လာခြင်း၏ အကြောင်းရင်းကို ဆင်ခြင်အပ် ၏။ (ဘာလို့ ငါ့မြန်မြန်သွားရတာလဲ၊ နှေးနှေးဘဲသွားမယ်ဟု ကြံ၍ နှေးနှေး သာ သွားသကဲ့သို့ ဖြစ်၏။) ထိုအကြောင်းရင်းကို ဆင်ခြင်သော ရဟန်းအား မကောင်းစိတ်ကြံသည် ပျောက်၏။
ရဟန်းတို့၊ ဝိတက်ဖြစ်ပေါ်မှု၏ အကြောင်းရင်းကို ဆင်ခြင်သော်လည်း မကောင်းစိတ်များသာ ပေါ်မြဲဖြစ်အံ့။ ထိုသို့ဖြစ်လတ်သော် အောက်သွားကို အထက်သွားဖြင့်ဖိ၍ လျှာဖြင့် အာခေါင်ကို ထောက်ကာ ကုသိုလ်စိတ်ဖြင့် အကုသိုလ်စိတ်ကို ဖိနှိပ်အပ်၏။ ဤသို့ဖိနှိပ်သည်ရှိသော် မကောင်းစိတ်ကြံများသည် ပျောက်ကုန်၍ စိတ်သည် တည်ငြိမ်လာလေ၏။
ရဟန်းတို့၊ ဤနည်းငါးမျိုးတို့ဖြင့် အကုသိုလ်ဝိတက်များ ပျောက်သွားစေရန် လေ့ကျင့်အားထုတ်သော ရဟန်းကို ဝိတက် ပြုပြင်ပြောင်းလဲရေးလမ်းစဉ်၌ ကျွမ်းကျင်လိမ္မာသော ရဟန်းဟူ၍ ဆိုအပ်၏။ ထိုရဟန်းသည် မိမိအလိုရှိသလို စိတ်အကြံကို ကြံစည်နိုင်၏။ အလိုမရှိသော စိတ်အကြံကိုလည်း ပယ်ဖျောက်နိုင်၏။ တဏှာ၊ မာနတို့ကို ပယ်ခွာ၍ ဒုက္ခကုန်ဆုံးအောင် ပြုလုပ်နိုင်သော ပုဂ္ဂိုလ်ဖြစ်၏။(ဝိတက္ကသဏ္ဌနသုတ်) ရေး-သီတဂူအရှင်ပညာသီရိ(Advanced)