သိမ်ဟူသည် အဘယ်နည်း
သိမ်ဟူသည် ရှိသမျ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ် ပေါင်းစု၍ ကံကြီးကံငယ်ဆောင်ရာ နယ်တစ်ခု အဖြစ် သီးခြားသတ်မှတ်ထားသော နေရာပင်ဖြစ်သည်။
ကံကြီးကံငယ် ခေါ်ဆိုရပုံ
ရဟန်းတော်တို့ခြည်းသာ ပြုလုပ်ဆောင်ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် ကံကြီးကံငယ်ဟု ခေါ်၏။ ကာယသာမဂ္ဂီ ပေးခြင်းဟူသည် အဘယ်နည်း
တပါးနှင့်တပါး ၂.တောင့်ထွာထက် မဝေးစေဘဲ ထိုင်နေစည်းဝေးခြင်းကိုပင် ကာယသာမဂ္ဂီ ပေးသည်ဟု ခေါ်သည်။
၂ တောင့်ထွာ အတွင်း လူ သာမဏေ စသည် ဝင်လာက ပြုဆဲခံ ပျက်မပျက်၊ ကံပြုသောရဟန်းများ မည်သည့်အာပတ် သင့်နိုင်သနည်း။
၂ တောင့်ထွာ အရပ်အတွင်းသို့ လူ သာမဏေ စသည် ဝင်လာခဲ့ရှိခဲ့သော် ပြုဆဲကံ မပျက်သော်လည်း ကံပြုသော ရဟန်းတို့သည် ဒုက္ကဋ်အာပတ် သင့်လေသည်။
ကံပျက်နိုင်ပုံ
သိမ်အပြင် တနေရာ၌ ရဟန်းတပါးပါး သို့မဟုတ် နှစ်ပါး သုံးပါးစသည် ကာယသာမဂ္ဂီကို မပေးသဖြင့် ပြုသောကံကို သဘောမတူရာရောက်သောကြောင့် ပြုဆဲကံ ပျက်ပါသည်။
ဝဂ်ခေါ်ပုံ
သိမ်အတွင်းမှာပင် ကံပြုသံဃာ၏ ၂ တောင့်ထွာ အရပ်မှ လွှတ်လျက် အခြားရဟန်းဖြစ်စေ၊ရဟန်းများဖြစ်စေ ရှိနေခြင်းကို ဝဂ်ဖြစ်သည်ဟု ခေါ်လေသည်။
သိမ်သည် သာသနာတော်အတွက် မည်သို့အရေးကြီးသနည်း
သာသနာတော် အရှည်တည်တံ့နိုင်ရန် ရဟန်းတော်များ အဆက်မပြတ်ရှိနေဖို့ အရေးကြီးသည်။ ရဟန်းအဖြစ်သို့ ဆောင်ရွက်ရန်မှာလည်း သိမ်တမျိုးမျိုးမရှိပဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် သိမ်သည် သာသနာတော် အရှည်တည်တံ့ရေးတွင် ရေသောက်မြစ်ပမာ လွန်စွာ အရေးကြီးသော အရာဖြစ်ပေသည်။
ဗဒ္ဓသိမ် နှင့် အဗဒ္ဓသိမ် အထူး
လေးပါးလေးပါးထက်များသော ရဟန်းတို့ စုပေါင်း၍ ဥာတ်ကမ္မဝါစာဖတ်၍ သမုတ်အပ်သော သိမ်သည် ဗဒ္ဓသိမ် ထို့ကဲ့သို့ မသမုတ်ရဘဲ အလိုလိုဖြစ်နေသော သိမ်သည် အဗဒ္ဓသိမ် မည်၏။
ထိုနှစ်မျိုးတို့တွင်လည်း ဗဒ္ဓသိမ်သည် (၁) ခဏ္ဍသိမ် (၂) သမာနသံဝါသကသိမ် (၃) အဝိပ္ပဝါသသိမ်ဟု သုံးမျိုးပြား၍ အဗဒ္ဓသိမ်လည်း (၁) ဂါမသိမ် (၂)ဥဒကုက္ခေပသိမ် (၃) သတ္တဗ္ဘန္တရသိမ်ဟု သုံးမျိုးပင် ပြားပြန်သည်။
ဂါမသိမ် ဂါမခေတ်
လူတို့၏ ရွာသက်သက် သာမက ထိုရွာပိုင်ဆိုင်ရာ ကုန်းမြေများ အပါအဝင် ရွာအရပ်ကိုပင် ဤသိမ်ဆိုင်ရာ၌ ဂါမဟုလည်းကောင်း ဂါမခေတ်ဟုတ်လည်းကောင်း ဂါမသိမ်ဟုလည်းကောင်း ခေါ်ပေသည်။
မြစ်ချောင်း အင်းအိုင်တို့ကို ဂါမသိမ်ဟု ခေါ်နိုင် မခေါ်နိုင်
ဂါမသိမ် အတွင်းရှိ မြစ်၊ချောင်း (ဇာတဿရ) အလိုလိုဖြစ်သော အိုင်တို့ကိုကား ဂါမသိမ် ဟု မခေါ်ဆိုနိုင်ပေ။ ဂါမသီမာဟူသောပုဒ်၏ တိုက်ရိုက် အနက်မှာ ရွာအပိုင်းအခြား ဖြစ်သော်လည်း ဤအရာ၌ ဆိုခဲ့ပြီး ရွာအပိုင်းအခြားသာမက နိဂုံးအပိုင်းအခြား၊ မြို့အပိုင်းအခြားတို့ကိုလည်း ဂါမသိမ်ဟု ခေါ်ရလေသည်။
ရဟန်းတော်များသည် အဘယ့်ကြောင့် ဗဒ္ဓသိမ်တို့ကိုသာ သမုတ်ကြသနည်း
သံဃာတော်များ ကံပြုသောအခါ ကျယ်သည်ဖြစ်စေ ကျဉ်းသည်ဖြစ်စေ သိမ်တစ်ခု အတွင်းသို့ ရဟန်းတော်အားလုံး စုဝေးလာရောက်ကြသည်၊ မလာရောက်နိုင်ပါက ကံပြုခြင်းကို သဘောတူကြောင်း ဆန္ဒပေးရပါသည်၊ ဆန္ဒမပေးပါက သိမ်အပြင်သို့ ထွက်နေရပါမည်၊ ဤသို့ဆန္ဒလည်း မပေး စည်းဝေးရာသို့လည်းမလာ သိမ်အပြင်မှာ ထွက်မနေသော ရဟန်းတပါး ရှိနေခဲ့သော် အခြားသံဃာအားလုံး ပြုသောကံသည် အချည်းနှီးသာဖြစ်သည်။
သမုတ်အပ်သောသိမ်ဟူသည်မှာ
သိမ်သစ် သမုတ်မြေအတွင်း သိမ်ဟောင်းမှာ မြေအားလုံးသော်လည်းကောင်း။ အယုတ်ဆုံးအားဖြင့် ရဟန်းလေးပါး ကံပြုလောက်ရုံ အရပ်သော်လည်းကောင်း ပါရှိနေခဲ့ပြီး သိမ်သစ်သမုတ်လျှင် ထိုသိမ်ကိုလွှမ်းမိုး၍ သမုတ်အပ်သော သိမ်ဟုခေါ်သည်။
စပ်၍သမုတ်အပ်သောသိမ်ဟူသည်မှာ
ရဟန်းလေးပါးနေလောက်ရုံ အရပ်မှအောက် တဆံခြည်မျှပင်ဖြစ်စေကာမူ လွှမ်းမိုး၍ သိမ်သစ်သမုတ်လျှင် ထိုကိုစပ်၍ သမုတ်အပ်သော သိမ်ဟုခေါ်သည်။
သိမ်ကိုအထပ်ထပ်နုတ်ရန်လိုအပ်ပါသလား
သိမ်ဟောင်းသည် မည်သည့်နေရာမှာ ရှိသည်ဟု သိရသည်မဟုတ်။မှန်းဆ၍သာ နုတ်ရလေသောကြောင့် မိမိတို့ကမ္မဝါစာဖတ်၍ နုတ်ခဲ့သောနေရာတို့တွင် တနေရာရာ၌ သိမ်ဟောင်းကို ကျကျနနမိ၍ ယင်းသိမ်ဟောင်းကျွတ်လွတ်သွားပြီဟု စိတ်ချလက်ချမှတ်ယူနိုင်ရန် အလို့ငှာ နေရာအနှံ့အပြား အထပ်ထပ်နုတ်ရခြင်းဖြစ်လေသည်။ထိုသို့ စေ့စပ်အောင်နုတ်လိုက်သောအခါ သိမ်သစ်မြေနေရာ၏ မည်သည့်နေရာမှာပင် သိမ်ဟောင်းရှိခဲ့ရှိခဲ့ ထိုသိမ်ဟောင်းမှာ ဧကန်ကျွတ်လွတ်သွားပြီဟု စိတ်ချလက်ချ သံသယ ကင်းရှင်းစွာ မှတ်ယူနိုင်လေတော့သည်။